ကျောက်မဲ ဧပြီ ၃
၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောက်မဲမြို့နယ်မှ စာအောင်သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင့်အောင်လက်မှတ်များ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက ကျောက်မဲမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်လုံးချမ်းသာ ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တ ပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး သံဃာတော်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲမှ စာအောင်သံဃာ ပထမကြီးအောင် ၁ ပါး၊ ပထမလတ်အောင် ၆ ပါး၊ ပထမငယ်တန်းအောင် ၁၁ ပါး၊ အခြေပြုမူလတန်းအောင် ၅၇ ပါး စုစုပေါင်းသံဃာ ၇၅ ပါးတို့နှင့် ၂၀၂၂ ခုနှစ် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အောင်မြင်သူများအား အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် အောင်လက်မှတ်များ အသီးသီးဆက်ကပ်ခဲ့သည်။
အခမ်းအနားသို့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုး၊ ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)