ဥတ္တရသီရိ ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)က ကြီးမှူးကျင်းပသည့် ကျောင်းအခြေပြုနွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့်ပတ်သက်၍ နေပြည်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍(YMBA)ဗုဒ္ဓကလျာဏယုဝအသင်း၊ သင်တန်းနည်းပြဆရာတစ်ဦးက ယဉ်ကျေးလိမ္မာသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါက်တာမာမာဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဝိုင်အမ်ဘီအေ(YMBA) ဗုဒ္ဓကလျာဏယုဝအသင်းမှ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာမှုဆိုင်ရာ စာအုပ်စာတမ်းများပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဆရာ၊ ဆရာမ ၄ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈၀ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး စုစုပေါင်း ၂၁၅ ဦး တို့အားဧပြီလ ၃ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)