ကြာအင်းဆိပ်ကြီးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး ဧပြီ ၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲအား ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ကြွရောက်ဖြေဆိုတော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပသည်။

အဆိုပါစူဠဘွဲ့နှင်းသဘင် အခမ်းအနားအား နမောဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က သဒ္ဓမ္မဝါစီမင်းကျောင်း ဆရာတော် ဘဒ္ဒန္တသီရိရေဝတာဘတဝံသ (အဂ္ဂမဟာပဏ္ဍိတ) အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူပြီး ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ နှင့် ပါဠိပထမပြန်စာမေးပွဲ အထူးကြီးကြပ်နှင့် ကြီးကြပ်ဆရာတော်များအား ကြာအင်းဆိပ်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ အလှူရှင်များမှ လှူဖွယ်ဝတ္ထုများအား ဆက်ကပ်ပူဇော်လှူဒါန်းသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာအောင်သံဃာတော် ပထမလတ်တန်းတွင်(၂)ပါး၊ ပထမငယ်တန်းတွင်(၇)ပါး၊ အခြေပြုမူလတန်းတွင်(၁၅)ပါး၊ စုစုပေါင်း စာအောင်သံဃာ(၂၄)ပါးအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင် ဒါယကာ/ဒါယိကာမများတို့မှ အောင်လက်မှတ်နှင့် အလှူတော်ဝတ္ထုငွေများအား အသီးသီးချီးမြှင့်ဆက်ကပ်တော်မူခဲ့ကြောင်း သိရသည်။

ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းတို့က ကြာအင်းဆိပ်ကြီးမြို့နယ် ထိမံထိုကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဘန္ဓန္တဂုဏသာမိ နိုင်ငံတော်(ဗဟို)သံဃာ့ဝန်ဆောင် ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချအမျှပေးကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းပြီးမြောက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)