လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူငယ်ရေးရာ” အသိပညာပေး ဟောပြောပွဲပြုလုပ်

လိပ်သို ဧပြီ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဆက်လက်ဟောပြောရာတွင် လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း လူငယ်ဘ၀ကို ရောက်ခါစမှာ မည်သည့်အရာကိုမဆို စမ်းသပ်ချင်ကြကြောင်း၊ စမ်းသပ်ချင်လောက်အောင်လည်း သတ္ထိရှိနေကြကြောင်း၊ လူငယ်ဖြစ်၍လည်း တက်ကြွကြကြောင်း၊ ထိုတက်ကြွမှုနှင့် ထိုသတ္တိကြောင့်ပင် လူငယ်တို့မှားခဲ့ရသည့် သာဓကများစွာရှိခဲ့ကြောင်း၊ ထိုနှစ်ခုနှိုင်းယှဉ်တွေးလျက် ခံစားတတ်ပြီဆိုလျှင် လူငယ်တစ်ယောက် လုပ်ရမည့်အရာများကိုလည်း သိမြင်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားပြီး လူငယ်နှင့်အတုယူခြင်း၊ ရှင်းသန့်သောလူငယ် စသည့် ခေါင်းစဉ်များဖြင့် လူငယ်များအား ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်းနှင့် တက်ရောက်လာကြသော အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများဖြစ်သည့် လူငယ်အသိပညာပေး ဟောပြောပွဲ၊ အသိပညာပေးပြပွဲများပြသခြင်းနှင့် အားကစားပြိုင်ပွဲများကို အလျဉ်းသင့်သလို ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)