လိပ်သိုမြို့ ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

လိပ်သို ဧပြီ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား ကူးစက်ရောဂါ ဖြစ်ပွားခြင်းမှကာကွယ်ရန်၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကလးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ပိုလီယိုရောဂါ၊ မေးခိုင်ရောဂါ၊ ဦးနှောက်တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဝက်သက်ရောဂါတို့မှ  ကင်းဝေးစေရန် အသက်အုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို လစဉ်လဆန်း (၃) ရက်နေ့တွင် ပုံမှန်ထိုးနှံပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)