မြိတ်မြို့ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ် ဧပြီ  ၂

ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ယနေ့နံနက်ပိုင်းက ဈေးအတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့စခန်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဈေးကော်မတီတို့ပူးပေါင်း၍  ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ဈေးများသည် ပြည်သူများ၏အရင်းအနှီးများကို စုစည်းထားသည့်နေရာ၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်စည်များ လည်ပတ်စီးဆင်းရာ စီးပွားရေး အချက်အချာကျသည့်နေရာ၊ နိုင်ငံ၏အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း အဓိကအရေးကြီးသောနေရာ တစ်ခုဖြစ်သည့်အပြင် ဈေးများမီးလောင်ဆုံးရှုံးပါက လူ့အသက်အိုးအိမ်ပစ္စည်းများ၊ မြို့ပြများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုများကိုပါ များစွာထိခိုက်နစ်နာဆုံးရှုံးရတတ်သဖြင့် ဈေးများမီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်ရာ၌ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦးက မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဈေးလုံခြုံရေးအဖွဲ့မှ မီးလန့်အချက်ပေးခြင်း၊  Fire Point နေရာအား ဈေးအရန်မီးသတ်တပ်ဖွဲ့မှ DCP မီးသတ်ဆေးဘူးဖြင့် ကနဦးငြှိမ်းသတ်ခြင်း၊ ဈေးအတွင်း ရေကန်မှ အပေါ့စား မီးသတ်စက်ဖြင့် ငြှိမ်းသတ်ခြင်းကို‌ဆောင်ရွက်ခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်အုပ်စုများ ရောက်ရှိလာပြီး Fire Point နေရာသို့ အနီးဆုံးဈေးဝင် တံခါးမှဝင်ရောက်၍ မီးထိန်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ လူနာကယ်ထုတ်ခြင်းနှင့် ဒဏ်ရာရ လူနာများအား ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ်ဖြင့်  ဆေးရုံပို့ဆောင်ခြင်း၊ ဈေးအရန်မီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်သို့ရေဖြည့်ခြင်း၊ မီးငြှိမ်းသတ်ရေးအဖွဲ့မှ အပြီးသတ်မီးငြှိမ်းသတ်ခြင်းကို အပိုင်းအလိုက် စနစ်တကျ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များ၊  အရန် မီးသတ်တပ်ဖွဲ့၊ ဈေးဝန်ထမ်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ပူးပေါင်း၍ မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ လူနာတင်ယာဉ်၊ အုပ်ချုပ်မှုယာဉ် စုစုပေါင်း(၁၈)စီးတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် အားသာချက် အားနည်း ချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ခိုင်ထူး ( ပြန်/ဆက်)