သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

သုံးခွ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အမှာစကားပြောကြားရာ၌ ယနေ့နိုင်ငံတော်အနေနဲ့ လူမှုစီးပွားရေးဘ၀တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားရေးဘ၀တိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်လူဦးရေ ၏ ၇၀%ခန့်နေထိုင်ကြတဲ့ ကျေးလက်ဒေသ များက အရေးကြီးပါကြောင်း၊ လူမှုစီးပွားလို့ဆိုတဲ့အခါမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ပါ၀င်ပြီး ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်ခေါင်စာရင်းအရ ပညာရေး အားနည်းချက်များကိုတွေ့ရှိရသဖြင့် နိုင်ငံတော်က ပညာရေးမြှင့်တင်ပေးမှုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊နိုင်ငံတော်၏အဓိက လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေဖို့ ကျေးလက်ဒေသနေ ကျောင်းနေအရွယ်ကလေးတွေရဲ့ ပညာရေး အားနည်းမှုကို အထူးအလေးထား ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် မူလတန်းပညာရေးကို မသင်မနေရအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဠာန်းထားရာ ပြောင်းလဲလာသည့် ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက်အရ KG+9 အထိ မသင်မနေရ အဖြစ်သတ်မှတ်၍ ပညာရေးကို မြှင့်တင်လျက်ရှိပါကြောင်း၊ KG+9 အလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီးတဲ့နောက်မှာ ပညာဆက်လက်သင်ယူမည့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ အခြေခံပညာအထက်တန်းဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာဟူ၍ ပညာရေးလမ်းသွယ် ၄ မျိုးအနက် တစ်မျိုးမျိုးကို ရွေးချယ်သင် ယူနိုင်ကြမှာ ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်း‌ဌေးက သင်တန်းတက်ရောက်သော ဆရာ၊ ဆရာမများအား ဘာသာရပ်အလိုက် သင်ကြားပို့ချမည့် သင်ခန်းစာများကို အလေးထား သင်ကြားစေလိုကြောင်း၊ သင်တန်းကို စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းသင်တန်းတွင် မူလတန်းကျောင်းအုပ်၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြ၊ လက်ထောက်မူလတန်းပြ သင်တန်းသား/သူ (၅၄၂)ဦးအား စာသင်ခန်း(၁၈)ခန်းတွင် သင်တန်းနည်းပြ(၃၆)ဦးတို့က သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း