နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်

နောင်ချို မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

သင်တန်း ဆွေးနွေးပွဲတွင် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၈၈)ကျောင်းမှ  မူအုပ်၊ မူပြ၊ ဒု-မူပြ၊ လက်ထောက်မူပြ (၄၈၁)ဦး တက်ရောက်ခဲ့ကြပြီး အခြေခံပညာမူလတန်းအဆင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို  နည်းပြ (၁၇)ဦး တို့က ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၂၈ရက်နေ့မှ ၃၁ ရက်နေ့ အထိ ၄ ရက်ကြာမြင့်မည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲအား ဆရာ၊ ဆရာမများ မိမိတို့သင်ကြားပို့ချရမည့် ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေး မြင့်မား၍ တတ်ကျွမ်းနားလည်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်တန်းတွင် မိမိတတ်သိထားသော အသိပညာအတတ်ပညာများအားနှီးနှောဖလှယ်ဆွေးနွေးကာ လာမည့်စာသင်နှစ်အတွက် လိုအပ်ချက်များမရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)