နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေကြာသီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နေကြာသီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးသည် အရေးပါသည့်ကဏ္ဍတစ်ခုတွင် ပါဝင်ပါ ကြောင်း၊ နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံဖြစ်ပါကြောင်း၊ နေကြာသီးနှံများ အထွက်နှုန်း ပိုမိုတိုးတက် အောင်မြင်စေရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် စိုက်ပျိုးမည့် တောင်သူများနှင့် ပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခဲ့မှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)