မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ၌ ရှေးဟောင်းသမိုင်းဝင် သိမ်တော်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲကျင်းပ

မိတ္ထီလာ မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာ ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် သိမ်တော်စေတီတော်နှင့် အရံစေတီတော်များအား မွမ်းမံပြုပြင်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များ တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အသောကာရုံ ရေလည်ကျောင်းတိုက် ဦးစီးပဓာနနာယကဘဒ္ဒန္တလာဘာဝတထံမှ ငါးပါးသီလတရားတော်များကို အလှူရှင်ဦးမြင့်ကြိုင်၊ ဒေါ်ဌေးဌေးမိသားစုနှင့် ဒါယကာဒါယိကာမများက ခံယူဆောက်တည်ကြသည်။ ထိုနောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များက  မေတ္တာသုတ်ပရိတ်တရားတော် ချီးမြှင့်ပြီး ဆရာတော်သံဃာတော်များထံသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။

ထိုနောက်  ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များကို အလှူရှင်များက ပင့်ဆောင့်၍ သိမ်တော်စေတီတော်မြတ်အား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော်ပြီး သိမ်တော်စေတီတော်မြတ်နှင့် အရံစေတီတော်များတွင် တင်လှူပူဇော်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အသောကာရုံရေလည် ကျောင်းတိုက်ဦးစီးပဓာန နာယကဘဒ္ဒန္တလာဘာဝတ အမှူးပြုသော ပင့်သံဃာတော်များက ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇတင်ခြင်းကို ဆောင်ရွက်သည်။ ၎င်းနောက် ပင့်သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အသောကာရုံရေလည် ကျောင်းတိုက်ဦးစီးပဓာန နာယကဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချ အနုမောဒနာ တရားတော်များကို အလှူရှင်မိသားစုနှင့် ဒါယကာဒါယိကာမများက နာယူခဲ့ကြသည်။ အဆိုပါ သိမ်တော်စေတီတော်ရွှေထီး တော်တင်လှူပူဇော်ပွဲတွင် နိုင်ငံကျော်တေးသံရှင် စိုးစန္ဒာထွန်းက ဓမ္မပူဇာတေးသီချင်းများ သီဆိုပူဇော်ခဲ့ကြောင်း သိရသည်။

ချမ်းသာ