မိတ္ထီလာ မတ်၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ အခြေခံပညာမူလတန်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို အ.ထ.က(၄)တွင် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး မတ်လ ၃၁ ရက်နေ့အထိ ဆွေးနွေးပို့ချတာဖြစ်ပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ ကျောင်းပေါင်း ၂၆ဝ ကျောင်းမှာ ဘာသာရပ်အလိုက်သင်ကြားပို့ချတဲ့ ဆရာဆရာမတွေကို သူတို့သင်ကြားနေတဲ့ ဘာသာရပ်ဆိုင်ရာသင်ကြားရေး စွမ်းရည်တွေ ပိုမိုတိုးတက်လာစေဖို့ရည်ရွယ်ပြီး အခုလိုဘာသာရပ်စွမ်း ရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။လက်တွေ့ကျောင်းမှာသင်ကြားပို့ချတဲ့ ဘာသာရပ်အလိုက်ကို သင်တန်းနည်းပြတွေက ဆွေးနွေးပွဲတက်ရောက်လာကြတဲ့ ဆရာဆရာမတွေနဲ့အတူ အပြန် အလှန်ဆွေးနွေးပို့ချကြတာမျိုးဖြစ်ပါတယ်။ ဆွေးနွေးပွဲဆိုပေမယ့် သင်တန်းလို့လည်း ပြောလို့ရပါတယ်။ သင်တန်းမှာသင်တန်းသားသင်တန်းသူ ဆရာဆရာမ ၁၄၉၁ ဦးတက်ရောက်ပါတယ်။ သင်တန်းနည်းပြ ၅ဝ ဦးက သင်တန်းပို့ချတာဖြစ်ပြီး မြို့နယ်ပညာရေးမှူးက သင်တန်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်ဟု မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဘာသာရပ်စွမ်းမြှင့်ဆွေးနွေးပွဲကို သင်တန်းနေ့စဉ်နေ့တိုင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခြင်းဖြစ်ပြီး လက်တွေ့သင်ကြားပို့ချရသော ဘာသာရပ်အလိုက် သင်တန်းသား သင်တန်းသူ ဆရာ/ဆရာမများအား အုပ်စုများခွဲ၍ ဆွေးနွေးပို့ချခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ