ကော့ကရိတ် မတ် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က ကော့ကရိတ်မြို့ အမှတ်(၆)ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီး ကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာမေးပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာရင်းသွင်းဖြေဆိုမည့် သံဃာ၊ သီလရှင်၊ လူစုစုပေါင်း (၃၂၇)ပါးရှိသည့်အနက် ပထမကြီးတန်းတွင် သံဃာ၊ သီလရှင် (၁၂)ပါး၊ ပထမလတ်တန်းတွင် သံဃာ၊ သီလရှင်၊ လူ(၃၅)ယောက်၊ ပထမငယ်တန်းတွင် သံဃာ၊ သီလရှင်၊ လူ (၅၃)ပါး၊ အခြေပြု မူလတန်းတွင် သံဃာ၊ သီလရှင်၊ လူ (၁၂၉)ပါး၊ စုစုပေါင်း(၂၂၉ ) ပါးတို့မှ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်းသာမဏေများ၊ သီလရှင်၊ လူများနှင့်နာယကဆရာတော်များ စာမေးပွဲကြီးကြပ်ဆရာတော်များ အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်စေရေးနှင့် ဆွမ်းဝေယျာဝစ္စကိစ္စ အရပ်ရပ်များအား အဆင်ပြေစွာသုံးဆောင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဦးဆောင်စီမံဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမ အလှူရှင်များမှ နေ့စဉ်ဆက်ကပ် လှူဒါန်းလျက်ရှိကြောင်းနှင့် စာမေးပွဲကို မတ်လ (၂၈)ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)