ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ယ် မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့် စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို၊ ယမန်နေ့နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးသင်းက သင်တန်းတွင် ဖွင့်လှစ်သင်ကြား ဆွေးနွေးပေးသွားမည့် သင်ခန်းစာများနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စာသင်ဆောင်များတွင် အခန်းလိုက်ခွဲဝေ၍ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သူငယ်တန်း(KG)မှ Grade-5 အထိ သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်းအဆင့် အတန်းစုံ၊ ဘာသာရပ်စုံ၊ ကျောင်းအခြေပြု စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ် (CPD) စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းစသည့် ဘာသာရပ် များကို၊ အစုအဖွဲ့အလိုက် သုံးသပ်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာ မူလတန်းအဆင့် စွမ်းရည်မြှင့်(မွမ်းမံ) သင်တန်းဖွင့်ပွဲနှင့် သင်တန်းသို့ အခြေခံပညာမူလတန်း ကျောင်းအုပ်ကြီးများ၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများနှင့် နည်းပြဆရာ/ ဆရာမများ၊ ကြီးကြပ်သူများ စုစုပေါင်း(၁၀၀၇)ဦး တက်ရောက်ကြကြောင်းသိရပြီး၊ သင်တန်းကာလမှာ မေလ(၂၈) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ (၄)ရက်ဖြစ်ပြီး၊ နေ့စဉ်နံနက်(၉)နာရီမှ(၁၂)နာရီ၊ မွန်းလွဲ(၁)နာရီမှ (၃)နာရီအထိ ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)