မိုးမိတ် မတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ပရဟိတလူမှုကူညီရေး အသင်းများအား မှတ်ပုံတင်ခြင်းနှင့် ဥပဒေဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့နယ်ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အေးလှိုင် က လူမှုကူညီအသင်းများ၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးပိုင်စိုးဦးက ၂၀၂၂ ဥပဒေပြဋ္ဌာန်းခြင်း အကြောင်းအရာများ၊ မှတ်ပုံတင် ခွင့်မရှိသော အကြောင်းအရာများ၊ ဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော အသင်းအထဖွဲ့ဝင်များက မိမိတို့သိရှိလို သည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်း ခဲ့ကြကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင် ပရဟိတလူမှုကူညီရေးအသင်းများတွင် တရားဝင်မှတ်ပုံတင် အသင်း(၆)သင်းရှိပြီး ယာယီအဖွဲ့ဝင်အသင်းမှာ (၁၂)သင်း ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)