ပန်လုံမြို့၌ ဆဋ္ဌမအကြိမ်မြောက် “ဝ”နှစ်ခြင်းလူငယ်ဓမ္မညီလာခံသင်တန်းဖွင့်ပွဲ ပြုလုပ်

ပန်လုံ မတ် ၂၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ ညနေ(၄)နာရီ အချိန်က “ဝ”နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် လူငယ်ဓမ္မညီလာခံ သင်တန်းဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဓမ္မအမှုတော်ဆောင်ဆရာမ ယေ့သဲခွန်းက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာဝန်ရှိပုဂ္ဂိုလ်များက လူငယ်ဓမ္မညီလာခံသင်တန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ညီလာခံသင်တန်းသည် ဟိုပန်၊ လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံမှ လူငယ်များနှင့် ပန်လုံဒေသတွင်းရှိ လူငယ်များအား သာသနာအတွက် ပြုစုပျိုးထောင်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှိစေရေး၊ မိမိတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းတတ်စေရေးအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ/ဆရာမ(၇)ဦးဖြင့် ၂၈.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့ထိ (၄)ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့လူငယ်စုစုပေါင်း(၆၂၀)ဦး တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ ဗိုလ်မှူးကြီးခင်မောင်လတ်၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပန်လုံ(ပြန်/ဆက်)