ပျဉ်းမနား မတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာ မွန်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပျဉ်းမနားခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝင်းဝင်းအေး၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးတင်ဆန်း၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်း သား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ပျဉ်းမနားခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝင်းဝင်းအေးက “ဆရာမများ၏ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရေး၊ သင်ကြားရေးအရည်အသွေး မြင့်မားလာစေရေးနှင့် ထိရောက်စွာ ပြန်လည်သင်ကြား ပို့ချနိုင်စေရေးနှင့် အခြေခံပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့်လည်း ပို့ချဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေး ပေးကြစေလိုကြောင်းနှင့် မိမိတို့၏ အရည်အသွေးများပြည့်ဝအောင် အစဉ်ကြိုးစားနေကြရမှာ ဖြစ်ပါကြောင်း၊ ထို့ပြင် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့် တက်ရောက်စေရေး အတန်းစဉ်ကူးပြောင်းရေးကိုလည်း ဆရာ၊ ဆရာမများ၊ မိဘများနှင့် အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ ပြောင်းလဲလာသည့် စနစ်သစ်အား အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတော်ကြီးဖြစ်အောင် အားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးတင်ဆန်းက ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဆရာ၊ ဆရာမများအား လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီးဦးသိန်းလွင်မှ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၂၃)ဦးနှင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၆၇၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)