လယ်ဝေးမြို့နယ်၊ ရုံးပင်ချောင်း ယာယီရေထိန်းဆည်(အေလာ)မှ နွေသီးနှံစိုက်ပျိုးရေများ စတင်ပေးဝေ

လယ်ဝေး မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရုံးပင်ချောင်းယာယီရေထိန်းဆည်(အေလာ)မှ ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရန်အတွက် ရေများ စတင်ပေးဝေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရုံးပင်ချောင်းယာယီရေထိန်းဆည် ရေပေးဝေသည့် လုပ်ငန်းဆောင်ရွက်နေမှုများအား လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊  သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အေလာ၊ စိုက်ပျိုးရေးအသိပညာပေးဌာနတွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါကြောင်း မိမိတို့ရရှိသည့် အခွင့်အရေးကို တန်ဖိုးရှိရှိ စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းကျော်သူက နယ်မြေလုံခြုံရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး အဖွဲ့ဝင်(၂)ဦးဝင်းအောင်က စိုက်ပျိုးမည့်သီးနှံအား အမြန်ဆုံးရွေးချယ်၍ အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်သူက လုံခြုံရေးကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒေသခံတောင်သူများက ရေပေးဝေမှုအခြေအနေနှင့် ရာသီနှင့်ကိုက်ညီသည့် နွေသီးနှံမျိုးကောင်းမျိုးသန့်များ ရရှိရေး မေးမြန်းဆွေးနွေးရာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်၊ ရုံးပင်ချောင်း ယာယီရေထိန်းဆည်(အေလာ)သည် ရွာသစ်ကျေးရွာအနီးတည်ရှိပြီး အမြင့် ၆ ပေ၊ အကျယ် ၈၀ ပေ ဖြစ်ကာ PPE Sheet၊  Geotextile Sheet အမျိုးအစားဖြစ်သည်။ ရေသိုလှောင်ပမာဏမှာ ၆၀ ဧကပေရှိပြီး နွေသီးနှံ ဧက ၂၀၀ အကျိုးပြုနိုင်သည့် ယာယီရေထိန်းဆည်ဖြစ်ကာ လျှပ်စစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)