တပ်ကုန်း မတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဓမ္မာရုံ)၌ ကျင်းပခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်အောင်ဌေးနှင့် ပညာရေး ဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြ များနှင့်သင်တန်းသား ဆရာ/ ဆရာမ များတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်အောင်ဌေးက ဆွေးနွေးပွဲသင်တန်းပို့ချမည့် အစီအစဉ် များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းကို တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ စုစုပေါင်း ၁၀၃၈ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ၃၅ ဦးက မတ်လ ၂၈ ရက်နေ့ မှ ၃၁ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင့်တင့်