တန့်ယန်း မတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမနေ့အား ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဦးစီးကော်မတီမှ ကြီးကြပ်၍ ယမန်နေ့ နေ့လည် ၁၂ နာရီမှ စတင်ကာ ညနေ ၃ နာရီထိ မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ကျင်းပ ဖြေဆိုကြသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဓမ္မပဒ၊ ဒွေမာတိကာဘာသာတို့အား မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများမှ ရဟန်း (၁)ပါး၊ သာမဏေ (၁၄)ပါး၊ သီလရှင် (၅၅)ပါး စုစုပေါင်း (၇၀)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ ပါဠိပထမပြန် စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ဆရာတော်ကြီးများနှင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။
စာမေးပွဲကျင်းပနေသည့် ပါဠိပထမပြန် စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ဆရာတော်ကြီးများနှင့် စာမေးပွဲဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း မိသားစုနှင့် အလှူရှင်များတို့က အဟာရအားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)