မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ Mobile Phone ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေး

မိုင်းဖြတ် မတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များ၌ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club) တို့မှ ပူးပေါင်းဖွင့်လှစ်သည့်    (Mobile Phone)ဖြင့် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉နာရီက   လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းမှပို့ချသည့် ဗွီဒီယိုတည်းဖြတ်နည်း၊ နည်းပညာများကို ကြိုစား​လေ့လာသင်ယူနိုင်​ရေးနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နည်းပြဆရာ ဦးသန်းထွန်းအေးက သင်တန်းကို ဆက်လက်သင်ကြားခဲ့ရာ မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ(၁၅)ဦး တက်ရောက်ကြ သည်။ အဆိုပါသင်တန်းကို မတ်လ ၂၈ရက်နေ့မှ ဧပြီလ ၁၀ရက်နေ့အထိ နေ့စဉ် နံနက်၉နာရီမှ ၁၂နာရီအထိ (Kine Master) ဆော့ဝဲလ်ကို  အသုံးပြု၍  Project တစ်ခု အဆင့်ဆင့်ဖန်တီးခြင်း၊ ဆော့ဝဲလ်အတွင်းရှိ Layer များ၊ Media၊ Audio ၊Transition Effectများ အသုံးပြုပုံ အဆင့်ဆင့်များကို လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်း​အေး