ဆီဆိုင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ဆီဆိုင် မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မြကန်သာရပ်ကွက် အတွင်းရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စာဖြေသံဃာတော်များ အေးချမ်းစွာ စတင်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ဒွေမာတိကာဘာသာ/ဓမ္မပဒ၊ ဘိက္ခုပါတိမောက် ဘာသာ/ဓမ္မပဒနှင့် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်တို့အား ဆီဆိုင်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာရင်းပေးသွင်းထားသည့် စာဖြေသံဃာတော် စုစုပေါင်း (၁၁၀)ပါးအနက် ပထမကြီးတန်းတွင်(၄)ပါး၊ ပထမလတ်တန်းတွင်(၃)ပါး၊ ပထမငယ်တန်းတွင်(၂၂)ပါး၊ အခြေပြုမူလတန်းတွင် (၅၄)ပါး စုစုပေါင်း စာဖြေသံဃာတော်(၈၃)ပါး ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်းသိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြသည့် စာဖြေသံဃာတော်များအား စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး ဦးဇင်ဘိုဘိုအောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး၍ စေတနာရှင်၊ အလှူရှင်များမှလည်း အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စာဖြေသံဃာတော် များအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)