ပုဗ္ဗသီရိ မတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် ပညာရေးမှူး ဒေါ်စမ်းစမ်းအေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်လှ၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပညာရေးမှူး ဒေါ်စမ်းစမ်းအေးက “ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်ကြားရေး အရည်အသွေး မြင့်မားလာစေရန်နှင့် ထိရောက်စွာ ပြန်လည်သင်ကြား ပို့ချနိုင်ရေးအတွက် အရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြေ ကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်လှက ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၁၆) ဦးနှင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၄၈၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)