မိုင်းယု မတ် ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျောင်းသား၊ ကျောင်းသူလေးများ အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းပိတ်ရက် နွေသုံးလပတ်လုံး ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိသည်။
အဆိုပါ သင်တန်းကို ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ ဦးဆောင်သင်ကြား ပြသပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ရတနာသုံးပါးကို ကြည်ညို တတ်စေရေး၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကိုသိတတ်စေရေး၊ ဘုရားဝတ်ပြုနည်း၊ လူသားဆန်စွာ ပြုမူနေထိုင် တတ်စေရေး၊ လူကြီးသူမ၊ ဆရာသမား၊ ဘိုးဘွား၊ မိဘများ၊ မိတ်ဆွေများနှင့် ဆက်ဆံရာတွင် မည်သို့ပြုမူဆက်ဆံရမည့်နည်းများ၊ ကံ၊ ကံ၏အကျိုးနှင့် ဇာတ်တော်ကြီးများအကြောင်းစသည့် အကြောင်းအရာများကို စုံလျင်စွာဖြင့် သင်ကြားပေးနေလျက်ရှိသည်။
ကျောင်းပိတ်ရက် နွေကာလတွင် ကျောင်းသား၊ ကျောင်းသူလေးများ အချိန်ကိုအကျိုးရှိစေရန်နှင့် လေလွှင့်နိုင်သည့် စိတ်ရိုင်းများကို စာပေနှင့်ထိတွေ့ကာ လူကြီးသူမ၊ ဆရာသမား၊ ဘိုးဘွား၊ မိဘများနှင့် မိတ်ဆွေအပေါ် ဖြူစင်ရိုးသား၊ စာရိတ္တမြင့်မာကာ ယဉ်ကျေးလိမ္မာကြသည့် သားကောင်းသမီးကောင်း ရတနာလေးများဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် နွေသုံးလအတွင်း တစ်ရက်လျင် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိဖြစ်ပြီး တစ်ပတ်လျင် တနင်္လာနေ့မှ သောကြာနေ့ထိ သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
ကိုကိုနိုင်