ရမည်းသင်း မတ် ၂၈
ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ်အတွင်းရှိ နွေစပါးစီမံကိန်းစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဒါးသာစည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုယ်စား၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက နိုင်ငံတော်ကစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဦးဇော်ဝင်းထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းအတွက် သဘောတူစာချုပ် ချုပ်ဆိုကာသွင်းအားစု ဓာတ်မြေဩဇာ ထုတ်ပေးခြင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ခရိုင်/မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီရှေ့တွင် ရမည်းသင်းမြို့နယ် ရွှေဒါးလယ်ပြင်သာကျေးရွာနှင့် အင်ကြင်ကန်ကျေးရွာတို့မှ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများနှင့် နွေစပါးစီမံကိန်းအတွက် သဘောတူစာချုပ် ချုပ်ဆိုကာ အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ လက်ရောက်ထုတ်ပေးခဲ့ရာ အင်ကြင်ကန်ကျေးရွာမှ လုပ်သားစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူ ဦးဇော်ဇော်က ကျေးဇူးတင်စကား ပြန်လည်ကြားခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်အတွင်း နွေစပါးစီမံကိန်းစိုက်ပျိုးမည့် စိုက်ပျိုးထုတ်လုပ်ရေးအသင်းသား တောင်သူ(၃၀)ဦး၏ နွေစပါးစီမံကိန်းစိုက်ပျိုးဧက (၁၀၈) ဧကအတွက် တစ်ဧက ကျပ်နှစ်သိန်းတန်းဖိုးရှိ သွင်းအားစုများထောက်ပံ့ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)