နောင်တရားဒေသထွက် ရွှေဖီဦးလက်ဖက်ခြောက် ဈေးကောင်းရရှိ

နောင်တရား မတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ဒေသထွက် ရွှေဖီဦးလက်ဖက်ခြောက် ဈေးကောင်းရရှိလျက်ရှိကြောင်း လက်ဖက်ခြောက် ရောင်းဝယ်နေသည့် ပွဲစားတစ်ဦးထံမှ သိရသည်။

“ယခုနှစ်ထွက် ရွှေဖီဦးလက်ဖက်ခြောက်  ယခင်နှစ်ထက်နှိုင်းယှဉ်လျှင် ဈေးကောင်း ပိုမိုရရှိ နေပါတယ်၊ ယခုနှစ်မိုးတွင်းကာလမှာ လက်ဖက်ခြောက်တစ်ပိဿာကို ကျပ် ၃၀၀၀ မှ ကျပ် ၄၀၀၀ အထိပဲ အရောင်းအဝယ်ဖြစ်တော့ လက်ဖက်စိုက်တောင်သူတွေက လက်ဖက် မခူးကြတော့ဘူး၊ လက်ဖက်ကအမြဲခူးနေမှ အညွန့်ထွက်တာ၊ သုံးလေး၊ ငါးလ မခူးဖြစ်လျှင် အညွန့်တွေမထွက်တော့ဘူး၊ မိုးတွင်းကာလမှာ လုပ်သားခ တစ်ရက် ကျပ် ၅၀၀၀ ရှိပြီး လက်ဖက်တစ်ပိဿာမှာ အမြင့်ဆုံးဈေး ကျပ် ၄၀၀၀ ပဲရတော့ မကိုက်တော့ဘူး၊ ဒါကြောင့် လက်ဖက်စိုက်တောင်သူတွေက လက်ဖက်မခူးဘူး၊ ဈေးကွက်လိုအပ်ချက် အရမ်းများတော့ ယခု နောင်တရားဒေသထွက် ရွှေဖီဦးလက်ဖက်ခြောက်က တစ်ပိဿာကို ကျပ် ၈၅၀၀  ဈေးနဲ့ အရောင်းဝယ်ဖြစ်နေပါတယ် ဟု နောင်တရားမြို့၌ လက်ဖက်ခြောက်ရောင်းဝယ်နေသည့် ပွဲစားတစ်ဦးကပြောသည်။

“လက်ဖက်ခြောက်တစ်ပိဿာကို ကျပ် ၈၀၀၀ နဲ့ရောင်းရတော့ လက်ဖက်ပြန်ခူးဖြစ်ပါတယ်၊ ယခုအချိန်မှာ လုပ်သားခ တစ်ရက် ၈၀၀၀ ပေးနေရပြီး လုပ်သားတစ်ဦးက လက်ဖက်ခြောက် နှစ်ပိဿာဘဲ ရတယ်၊ လက်ဖက်ဈေးသာ တစ်ပိဿာ ၈၀၀၀ ကျပ်လောက်မရရင် လက်ဖက်ခူး ဖြစ်မှာမဟုတ်သေးဘူး၊ ကျွန်မတို့လို ခြံရှင်တွေအတွက် မကိုက်ဘူး ဟု ခြမ်းကျေးရွာမှ ခြံရှင် တစ်ဦးက ပြောသည်။

နောင်တရားမြို့တွင် လက်ဖက်အချိုခြောက်စက်ရုံ တည်ရှိပြီး စက်ရုံလည်ပတ်ခြင်း မရှိသေးသည့်အတွက် လက်ဖက်ရွက်အဆို ဝယ်ယူမှုမရှိသေးပေ။ အချိုခြောက်စက်ရုံ လည်ပတ် လာပါက လက်ဖက်ခြောက်ဈေးနှုန်းမှာ အနည်းငယ်ပြောင်းလဲလာနိုင်ကြောင်း အဆိုပါ လက်ဖက်ပွဲစားတစ်ဦးက ပြောသည်။ နောင်တရားဒေသထွက် လက်ဖက်ခြောက်များကို နောင်တရားမြို့မှတစ်ဆင့် မြန်မာနိုင်ငံအနှံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)