မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၅၃)ပါး ဝင်ရောက်ဖြေဆို

မင်းဘူး မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)စာမေးပွဲကို ယနေ့နေ့လည် ၁၂ နာရီအချိန်က မင်းဘူးမြို့၊ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး စာမေးပွဲပထမရက်တွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၅၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)စာမေးပွဲတွင် စာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်(၆၈)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး၊ စုစုပေါင်း(၆၉)ဦးရှိကြောင်း၊ ရဟန်း၊ သာမဏေ၊ သီလရှင် (၅၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရဟန်း ၅ ပါး၊ သာမဏေ ၁၀ ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး စုစုပေါင်း(၁၆)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊ စာမေးပွဲပထမရက်တွင် ဒွေမာတိကာဘာသာရပ်၊ ဒွေမာတိကာ/ ဓမ္မပဒဘာသာရပ်၊ ဘိက္ခုပါတိ မောက်/ဓမ္မပဒဘာသာနှင့် ဝိနည်းကျင့်ဝတ်ဘာသာရပ်တို့ကို အေးချမ်းစွာဖြေဆိုခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူး ဦးရာဇာကိုကိုက ပြောသည်။

စာမေးပွဲဖြေဆိုရာ၌ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း/သာမဏေ/သီလရှင်များအတွက် ဆွမ်း၊ အချိုရည်၊ မုန့်နှင့် လှူဖွယ်ပစ္စည်းများကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက စာမေးပွဲကာလနေ့ရက်များအလိုက် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာမေးပွဲကို မတ်လ(၂၈)ရက်မှ ဧပြီလ(၃) ရက်နေ့အထိ၊ နေ့စဉ် နေ့လည် ၁၂ နာရီမှ ၃ နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)