ကျောက်မဲ မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ၊ အမှတ် ၈ အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့၊ နေ့လယ် ၁၂ နာရီအချိန်ကစ၍ ကျင်းပပြုလုပ်လျက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီးကြပ်ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ၇ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာဖြေဆိုစာရင်းပေးသွင်းဦးရေ ပထမကြီးတန်း ၁၄ ပါး၊ ပထမလတ်တန်း ၁၇ ပါး၊ ပထမငယ်တန်း ၇၅ ပါးနှင့် အခြေပြုမူလတန်း ၉၆ ပါးစုစုပေါင်း ၂၀၂ ပါးရှိကာ ကြွရောက်ဖြေဆိုသည့်ဦးရေ ပထမကြီးတန်း ၁၁ ပါး၊ ပထမလတ်တန်း ၁၄ ပါး၊ ပထမငယ်တန်း ၅၈ ပါးနှင့် အခြေပြုမူလတန်း ၈၇ ပါး စုစုပေါင်း ၁၇၀ ပါးဖြေဆိုကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက စာဖြေသံဃာတော်များ၏ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)