မိုင်းယောင်းမြို့နယ်၌ ဒေသထွက်ကြံသကာများ စျေးကောင်းရ

မိုင်းယောင်း  မတ်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရသာထူးကဲသော ဒေသထွက်ကြံသကာ ဝယ်ယူသူ များပြားပြီး စျေးကောင်းလည်းရရှိသောကြောင့် ကြံသကာ ပြုလုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိကာ အဆင်ပြေနေကြကြောင်း သိရသည်။

"ကြံသကာဟာ ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့အရည်ကို သန့်စင်အောင်စစ်ပြီး ကြိုချက်ရပါတယ်။ ကြံသကာရလာသည်အထိ နည်းရင် နည်းသလို၊ များရင်များသလို အချိန်ပေး လုပ်ရပါတယ်၊ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်တော့ ကြာပါတယ်။ ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိသာ ရောင်းရပြီး ယခုနှစ်မှာတော့ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ရောင်းချကြောင်း ကြံသကာပြုလုပ်ရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

မိုင်းယောင်းဒေသထွက် ကြံသကာသည် သဘာဝအတိုင်း ပြုလုပ်သည့်အတွက် အရသာ ထူးခြားကောင်းမွန်သဖြင့် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကျိုင်းလပ် စသော အခြားမြို့ များက မိုင်းယောင်းအထိ လာရောက်ဝယ်ယူနေသောကြောင့် စျေးကောင်းရနေကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း