လောက်ကိုင်မြို့၌ ပညာရေးဝန်ထမ်းများအတွက် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်

လောက်ကိုင် မတ် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လောက်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လောက်ကိုင်မြို့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

အဆိုပါ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို လောက်ကိုင်မြို့ မြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်မှ ကြီးကြပ်၍ သင်တန်းနည်းပြ ဆရာ/ဆရာမ ၈ ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။ သင်တန်းသို့ လောက်ကိုင်မြို့နယ်အတွင်းရှိ ‌အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ သင်တန်းသား/သင်တန်းသူ ၂၄၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း(လောက်ကိုင်)