တောင်သာ မတ် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူ လူငယ်များ အချိန်ကို အကြိုးရှိစွာ အသုံးချတတ်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက စိတ်ဖိစီးမှုတွေလျော့ပြီး လွတ်လပ်ပေါ့ပါး ပျော်ရွှင်စေရန် ဝါသနာပါသူများအတွက် အထောက်အပံ့ရရှိစေရန်၊ စိတ်ကူးစိတ်သန်များ ကောင်းမွန်စေရန် ပန်းချီပညာကို တန်ဖိုးထားလေးစားတက်စေရန် ကိုယ်တိုင်ဖန်တီးနိုင်မှု အနုပညာစွမ်းအားများ တိုးတက်လာစေရန် ရည်ရွယ်၍ ပန်းချီသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပန်းချီပညာရှင် ဦးဖြိုးဝေက မြန်မာ့ရိုးရာ ပန်းချီအနုပညာ သင်ကြားရခြင်း၏ ရည်ရွယ်ချက်၊ မျဉ်းများအကြောင်း၊ အရောင်များအကြောင်းနှင့် အဓိပ္ပာယ်အရာဝတ္ထုပုံ ရေးဆွဲနည်းအကြောင်း စသည်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၂၇.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့အထိ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)