ကလိန်အောင်မြို့တွင် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ တောင်သူများအဆင်ပြေ

ကလိန်အောင် မတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီအလိုက် သစ်သီးဝလံ သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ရွှေဖရုံသီးများ စတင်ခူးဆွတ်ချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

"ကလိန်အောင်မြို့မှာက ရွှေဖရုံသီးအပင်များကို မြေနုကျွန်းပေါ်များဖြစ်သည့် ကိုင်း၊ ခြံများတွင်  မြေအောက်ရေဖြင့်သွင်း၍ မိုးအကုန် ဆောင်းဦးရာသီတွင်စတင်၍ စိုက်ပျိုးကာအပင်များ အသီးအထွက်နှုန်း ကောင်းမွန်းစေရန်အတွက် သဘာဝမြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ဖျန်းပက်ပေးခြင်းဖြင့် ပြုစုပျိုးထောင်ပြီး  ရက်(၁၀၀)ကျော်ခန့်မှသာ ဈေးကွက်အတွင်းသို့ ခူးဆွတ်ရောင်းချရတယ်" ဟု ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူ တစ်ဦးကပြောသည်။

လက်ရှိ ရွှေဖရုံသီး ‌စတင်ခူးဆွတ်ချိန်တွင် ပေါက်ဈေးနှုန်းမှာ အလုံးအရွယ်အစားအလိုက် အလုံးကြီးတစ်လုံးကို ငွေ ၂၀၀၀ မှ၂၅၀၀ ကျပ်၊ အသေးတစ်လုံးကို ငွေ ၁၀၀၀မှ ၁၅၀၀ကျပ်အထိ ဈေးရရှိပြီး ထွက်ရှိသည့် အသီးများကို ထားဝယ်မြို့နှင့် ကံပေါက်ဒေသတို့ရှိ အဝယ်ဒိုင်များက ခြံ၊ ကိုင်းများအထိ လာရောက်၍ ဝယ်ယူကြ‌ကြောင်း သိရသည်။

မနှစ်က ရွှေဖရုံသီး အစ‌‌ထွက်သည့်အချိန် ပေါက်ဈေးနှုန်းမှာ  ဒီနှစ်ဈေးနှုန်းအတိုင်းဖြစ်ပြီး ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အလုံးအရွယ် အစားအလိုက်ကြည့်ပြီး လိုက်လံဝယ်ယူရ‌ကြောင်း လာရောက်ဝယ်ယူသည့် အဝယ်ဒိုင်များထံမှ သိရသည်။

ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသည် နှစ်ရှည်အပင် ဥယျဉ်ခြံများ စိုက်ပျိုးလုပ်ကိုင်ကြသလို့ ရာသီအလိုက် ထွက်ရှိသည့်  ဖူးစားပြောင်း၊ နှမ်း၊ ဗူးသီး၊ တောင်ထိုင်ပဲ၊ ငရုတ်သီး၊  အစရှိတဲ့ သစ်သီးဝလံသီးနှံမျိုးစုံအပင်များကို မြေအောက် ရေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရပြီး မိသားစုဘဝအတွက် ဝင်ငွေရရှိအောင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် စိုက်ပျိုးလုပ်ကိုင်နေရကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)