ဒေါပုံမြို့နယ်တွင် စာအောင်သံဃာတော်များပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဒေါပုံ မတ် ၂၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူပြီးသော သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်သည့် စာအောင်သံဃာတော်များ ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြဿာဒ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘုရားများထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ဆက်လက်၍  ပြဿာဒ်ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဧသကပဏ္ဍိတ ဆရာတော်ဘုရားထံမှ သြဝါဒများနာယူခဲ့ကြပါသည်။ ထို့နောက်ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီးနောက် ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ယင်းနောက် အစိုးရဓမ္မာစရိယနှင့် နိကာယ်စာမေးပွဲ အောင်မြင်တော်မူသည့် သံဃာတော် ၂၆ ပါးနှင့် အစိုးရပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသည့် သံဃာတော် ၂၂ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အောင်လက်မှတ်နှင့် စာအောင်ဆုများကို အသီးသီးဆပ်ကပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်မြို့နယ်သံဃာ့မဟာ နာယကဆရာတော် ဦးသောဘာကက လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် အခမ်းအနား ကိုဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)