ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

ငါန်းဇွန် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့်သီလရှင်များ ဖြေဆိုကြရာ အကြီးတန်း၌ စာရင်းရှိ (၁၀)၊ ဖြေဆို(၁၀)၊ ပျက်ကွက်မရှိသည် ဒွေမာတိကာဘာသာ/ဓမ္မပဒကိုလည်းကောင်း၊ ပထမလတ်တန်း၌ စာရင်းရှိ(၅)၊ ဖြေဆို(၃)၊ ပျက်ကွက်(၂)ဦးသည် ဒွေမာတိဘာသာ/ဓမ္မပဒကိုလည်းကောင်း၊ ပထမငယ်တန်း၌ စာရင်းရှိ(၂၆)၊ ဖြေဆို(၂၂)၊ ပျက်ကွက် (၄)ဦးသည် ဘိက္ခူပါတိမောက် ဘာသာ/ဓမ္မပဒကိုလည်းကောင်း၊ အခြေပြုမူလတန်း၌ စာရင်းရှိ(၁၃)၊ ဖြေဆို(၈)၊ ပျက်ကွက် (၅)ဦးသည် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီကိုလည်းကောင်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ သီလရှင် ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)