မိုင်းရယ်၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံ သင်တန်း ဖွင့်လှစ်

မိုင်းရယ် မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် တန့်ယန်းခရိုင် ပညာရေးမှူး ဦးကြည်လင်နှင့် မိုင်းရယ်မြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းမော်တို့က အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမျိုးဇော်ဦးက သင်တန်းနှင့်ပတ်သက်သည်များကို လည်းကောင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစောမင်းအောင်က သင်တန်းဆိုင်ရာ စည်းကမ်းများကိုလည်းကောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို နည်းပြ ၇ ဦး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် သင်တန်းသား ကျောင်းအုပ်ဆရာ/ မကြီးများနှင့် ဆရာ/မ ၁၉၂ ဦးဖြင့် သင်တန်းကာလ မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ဘာသာရပ် ၆ ခုကို သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ် ပြန်/ဆက်