ဘားအံ မတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း) မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီလှိုင်က မြန်မာ့ပညာရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ပညာရေးစနစ်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ၊ သင်ယူသူလူငယ်များကို ၂၁ ရာစုအတွက် လိုအပ်သောအသိပညာနှင့် ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန်ဖြစ်ကြောင်း၊ ဆရာများက သင်ကြားသင်ယူမှုဖြစ်စဉ်အတွက် အခြေခံမူသုံးချက်ဖြင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းတွင် ချမှတ်ထားသော ရည်ရွယ်ချက်များနှင့် သင်ယူမှုရလာဒ်များ ပေါက်မြောက်အောင်မြင်စေရန် သင်ကြားပေးဖို့ လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နန်းရီရီသန်းက ကျောင်းသား/သူများ သင်ယူတတ်မြောက်မှု တိုးတက်မြင့်မားလာစေရန် သင်ကြားသူ ဆရာ/ဆရာမများ ဆရာလမ်းညွှန်ကို စနစ်တကျ အသုံးပြုတတ်စေရန်၊ အခြေခံအင်္ဂလိပ်စာ 4 Skills ကို အခြေခံကျစွာသင်ကြားပေးနိုင်ရန်၊ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာများကို စံနှုန်းမီစွာစစ်ဆေးတတ်စေရန်၊ မေးခွန်းနှင့် အမှတ်ပေးပုံစံများ ညှိနှိုင်းဆွေးနွေးတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၄)ရက်တာကာလ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဘားအံမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြ၊ လက်ထောက် မူလတန်းပြ ဆရာ/မ(၄၈၀)ဦးအား နည်းပြ(၁၆)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)