သီပေါ မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ယနေ့နံနက်(၁၀)နာရီက အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အသင်းအဖွဲ့မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်စိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက မှတ်ပုံတင်လျှောက်ထားရမည့်အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခွင့်မရှိသော အသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သောလုပ်ငန်းနယ်ပယ်၊ မှတ်ပုံတင်ခြင်းအတွက် ကာလသတ်မှတ်ချက်၊ မှတ်ပုံတင်ကြေးသတ်မှတ်ချက်၊ မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်မျိုးဝင်းက ၂၀၂၂ ခုနှစ် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများအား လည်းကောင်းပရိုဂျက်တာဖြင့် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)