မြိတ် မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား/သူများအနေဖြင့် ထိရောက်သော သင်ယူမှုများ စဉ်ဆက်မပြတ်ရရှိစေရန်အတွက် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာမူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်၍ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို လက်ထောက်မူလတန်းပြ ဆရာမများက “ တို့တာဝန် ” သီချင်းသီဆိုဖွင့်လှစ်ကြသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူး ဦးဝင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲဖွင့်ပွဲကို လက်ထောက်မူလတန်းပြဆရာမများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” သီချင်းသီဆိုကာ ဆွေးနွေးပွဲကို စတင်ခဲ့ကြသည်။
အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေး နွေးပို့ချကြမည့် မူလတန်းကျောင်း ကျောင်းအုပ်(၂၃)ဦးမှ ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပို့ချကြမည့် နည်းပြများအဖြစ် ဦးဆောင်၍ မြို့နယ်အတွင်းမှ မူလတန်းပြ ဆရာ/ဆရာမ (၆၇၃)ဦး တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကာ မတ်လ(၂၈)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)