နမ့်ဆန်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

နမ့်ဆန် မတ် ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အခြေခံပညာမူလတန်း အဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် ဒေသအဆင့်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူးမှ လမ်းညွှန်အမှာစကားပြောကြားပြီး၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမောင်မောင်လေးမှ သင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးရှင်းလင်းပြောကြားခဲ့ရာ သင်တန်းတွင် အခြေခံပညာမူလတန်းအဆင့်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီနှင့်သိပ္ပံ ဘာသာရပ်ဆိုင်ရာများကို(၂၈.၃.၂၀၂၃)ရက်နေ့မှ (၃၁.၃.၂၀၂၃)ရက်နေ့ထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်)သင်တန်းတွင် နမ့်ဆန်မြို့နယ်မှသင်တန်းနည်းပြ(၁၁)ဦး၊ သင်တန်းသားဆရာ(၂၈)ဦး၊ ဆရာမ(၁၇၀)ဦး၊ စုစုပေါင်း(၁၉၃)ဦး၊ တက်ရောက်ကြကာ သင်တန်းကာလမှာ (၄)ရက်ကြာမြှင့်မည်ဖြစ်ကြောင်း သင်တန်းတာဝန်ရှိသူထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)