ဟိုပန်၌ “ဝ”နှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဟိုပန် မတ် ၂၆

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ “ဝ”နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း (၈)သင်းဖြင့် မတ်လ ၁၆ ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအားကစားကွင်းတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ဗိုလ်လုပွဲတွင် ကချင်စတားအသင်းနှင့် Wa United အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကချင်စတား အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲတွင် တစ်ဦးချင်း ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံးရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဆုရရှိသူတို့ကို ဂုဏ်ပြုဆုငွေနှင့် ပထမ၊ ဒုတိယဆုရရှိသည့် အသင်းတို့ကို တစ်ဦးချင်း ဆွဲပြားနှင့် ဆုဖလားတို့ကို “ဝ”နှစ်ခြင်း ခရစ်ယာန်အသင်းတော်ဥက္ကဋ္ဌနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်