တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်

တာချီလိတ် မတ် ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမကြီး၊ တာချီလိတ်- မယ်ဆိုင်ချစ်ကြည်ရေးတံတား အမှတ်( ၁)နှင့် တံတားအမှတ်(၂)တို့တွင် မီးသတ်ကားများဖြင့် ရေဖြန်းခြင်း၊ မဖြစ်မနေ Mask များတပ်ဆင်ရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ တိုင်းတာချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ နံနက် (၇) နာရီမှ မတ်လ(၂၅) ရက်နေ့နံနက် (၇) နာရီအထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း ၃၅၉ ရှိကြောင်း၊ လေထုထဲတွင် လူကိုအန္တရာယ်ဖြစ်စေတတ်သော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် နှင့်ဆာလဖာဒိုင်အောက်ဆိုက်အနည်းငယ်ပါဝင်သော်လည်း စိုးရိမ်ထိန့်လန့်စရာမလိုကြောင်းနှင့်အောက်စီဂျင်ပါဝင်မှုနှုန်းမြင့်မားလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမပြုရန်၊  မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြပါရန်နှင့် မျက်စိစပ်ခြင်းများဖြစ်ပေါ်လာပါကလက်ဖြင့်ပွတ်ခြင်းများမပြုလုပ်ပဲ သန့်စင်သော ရေစိုဝတ်သုတ်ခြင်း၊ သန့်ရှင်းသောရေဖြင့်ဆေးကြောခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာများ ခံစားလာရပါက နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ကြပါရန် အကြံပြုအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးလတ်