ဒဂုံဆိပ်ကမ်း မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန အမျိုးသားကင်ဆာရောဂါကုဆေးရုံကြီး ဆောက်လုပ်ရာတွင် ပါဝင်သွားသော မြေဧရိယာ(၂)ဧကအတွက်လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုက လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီးရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဌေးလွင်က နစ်နာသွားသည့် တောင်သူဦးစန်းကိုအား မြေယာလျော်ကြေး ငွေ သိန်း(၂၀၀) ကျပ်အား ပေးအပ်ခဲ့ပြီး တောင်သူဦးစန်းကိုကကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဌေးလွင်၊ ဒဂုံမြို့သစ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးမူယာကျော်နှင့် တာဝန်ရှိသူများ၊ တောင်သူဦးစန်းကိုတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား ၁၁နာရီခွဲအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အေးမဉ္ဇူ