တပ်ကုန်းမြို့၌ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

တပ်ကုန်း မတ်လ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ  ကျောင်းသားကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၂နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင်   ကျင်းပသည်။

ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က  ကျောင်းသားကလေးငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနီး ကျွမ်းဝင်မှုရှိပြီး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့်ကျန်းမာ​ပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး  ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ဆေးရောင်ခြယ်ပြိုင်ပွဲတွင်  အကြီးတန်း၊ အငယ်တန်း နှစ်ဖွဲ့ခွဲယှဉ်ပြိုင်ခဲ့ပြီး၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက  ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲများသို့ တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အကြီးတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀ဦး၊ အငယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၅ ဦး တက်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်