ပင်းတယ မတ် ၂၅
ရှမ်ပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျားကုန်း ကျေးရွာအုပ်စု၊ တည်ပင်ကျေးရွာ၌(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များက ဘက်စုံသုံး ကျေးရွာခန်းမဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ကကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် လုပ်ငန်းလွှဲပြောင်းမှတ်တမ်းကိုပေးအပ်သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)၊ ပြည်သူလူထုထည့် ဝင်ငွေကျပ် (၃၅) သိန်း၊ စုစုပေါင်းငွေကျပ်(၁၃၅)သိန်းဖြင့် ဆောက်လုပ်ခဲ့သည့် အုတ်ညှပ်(၄၀ပေ၊၂၂ ပေ၊၁၀ပေ)ရှိ ဘက်စုံသုံးခန်းမဆောင် ဖြစ်ကြောင်းနှင့် ယနေ့ဖွင့်ပွဲ အခမ်းအနားသို့ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့်ကျေးရွာသူ၊ ကျေးရွာသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)