ဒဂုံမြောက် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ် ကြက်ခြေနီအသင်းနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဌေးနှင့် ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူး ဦးငွေသူရတို့က အမှာစကား အသီးသီးပြောကြားကြပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးသန်းအောင်မိုးမှ သင်တန်းဖွင့်လှစ်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စပယ်လှက ကျောင်းကြက်ခြေနီ အဆိုပြုလွှာကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးသန်းအောင်မိုး ထံသို့ပေးအပ်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဌေးမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်စပယ်လှက ကျေးဇူတင်စကားပြောကြားကာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များအား Video ဖြင့်ပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ