တာမွေ မတ် ၂၅
၂၀၂၃-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အခက်အခဲမရှိအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၊ ရန်ကုန်မြို့မှ မြန်မာပြည်အနယ်နယ်အရပ်ရပ်သို့ ခရီးသွားပြည်သူများအား သယ်ယူပို့ဆောင်ပေးနေသည့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ (၄/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ၂၀၂၃-ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက မဟာသင်္ကြန်ကာလအတွင်း YBSယာဉ်လိုင်းများ ပြေးဆွဲ ပေးမည့် အခြေအနေများ၊ မဟာသင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့် အခြေ အနေများ၊ ယာဉ်စီးခ ပိုမိုကောက်ခံသည့် ယာဉ်လိုင်းများအား အရေးယူဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)