သာစည်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေး

သာစည် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို မတ် ၂၄ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က မဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ခေါ်ယူညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊သာစည်မြို့ပေါ်တွင် ဗဟိုမဏ္ဍပ်တစ်ခု ဆောက်လုပ်ပြီး သင်္ကြန်အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့များတွင် ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေနိုင်ရေး၊  စတုဒီသာကျွေးမွေးနိုင် ရေး၊မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ကုသိုလ်ကောင်းမှုများနှင့် ဇီဝိ တဒါနငါးလွှတ်ပွဲပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ တက်ရောက်လာသည့်  တာဝန်ရှိသူများက  ဝိုင်းဝန်းပေါင်းစပ်ပေးကြရန်   ပြောကြားသည်။

ဆက်လက်၍    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းသွင်ဦးနှင့် အဖွဲ့ဝင်ဦးစိုးဝင်းအောင်တို့က  မဏ္ဍပ်တည်ဆောက်မည့်နေရာနှင့်  တည်ဆောက်ရေးအတွက် လိုအပ်ချက်များ၊လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)