တာမွေမြို့နယ်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲ ကျင်းပ

တာမွေ မတ် ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ကျင်းပသော ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ “ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်ထဲက ပထမဆုံးလုပ်ငန်းနံပါတ်(၁)ဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေနဲ့ ဌာနပိုင်မူကြိုကျောင်းများ ဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မူလတန်းကြိုကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ နေရာတွေ မှာလည်း မိခင်ဝိုင်းများ ဖွင့်လှစ်ပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါကြောင်း၊ မူကြိုအရွယ် ကလေးတွေကို ပြုစု ပျိုးထောင်တဲ့နေရာမှာ အစာအာဟာရပြည့်ဝစွာ ကျွေးမွေးဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့၊ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေရရှိအောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်တဲ့ အတွက်ကြောင့် ဌာနပိုင် မူလတန်းကြိုကျောင်းတွေမှာဆိုရင် ကလေးတစ်ဦးရဲ့ အခြေခံလိုအပ်ချက် ဖြစ်တဲ့ အစာအာဟာရပြည့်ဝဖို့၊ လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေ၊ လွတ်လပ်စွာ ကစားခြင်းစတဲ့ ကလေးတွေရဲ့ အဓိကလိုအပ်ချက်ကို လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေမှာ နေ့အလိုက် အချိန်ဇယားများ ရေးဆွဲပြီး သင်ကြားနည်း(၄)နည်းနဲ့ စနစ်တကျပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးနေပါကြောင်း၊ ၂၀၁၉-ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေနှင့် ၂၀၁၉-ခုနှစ်မှာ အသစ်ထုတ်ပြန်ထားတဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်ဆိုတဲ့အတိုင်း ကလေးအားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ယခုလိုကျောင်းတွင်းပွဲများကိုလည်း ကျင်းပဆောင်ရွက်နေပါကြောင်း၊ ယခုလိုပွဲများ ဆောင်ရွက်တဲ့နေရာမှာ မိဘများရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါကြောင်း၊ မူကြိုကျောင်းတွေရဲ့ လုပ်ငန်းပြက္ခဒိန်အရ ယခုကျင်းပတဲ့ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲဟာဆိုရင် ပညာသင်နှစ်ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွေလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ မွေးရာပါ စွမ်းရည်နဲ့ ဝါဿနာကို ဖော်ထုတ်ပေးတာပဲဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ဖို့အတွက် မိဘများရဲ့ ပံ့ပိုးကူညီအားပေးမှုတွေကို အခြေခံပြီး ဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် မိဘများအားလုံးက အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးတွေကို အုတ်မြစ် အခြေခိုင်စေဖို့၊ ကလေးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘများအနေဖြင့် ဆရာမများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၅) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ရင်သွေးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် ကျောင်းတက် ရက်မှန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူ ရင်သွေးငယ်လေးများမှ တိုင်းရင်းသား ရိုးရာအကအလှများ၊ ခေတ်ပေါ်တေးဂီတ သီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းမှ ဆရာမများက တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရင်သွေးငယ်လေးများ၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)