မလှိုင် မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ဌာနဆိုင်ရာများနှင့် ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ကိုမြို့ပေါ်ရပ်ကွက်များမှ ယိမ်းအကအလှအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ယိမ်းအကများ ပါဝင်ဖျော်ဖြေနိုင်ရေး မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် စည်းရုံး ဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း၊ မလှိုင်မြို့နယ်တွင် ဗဟိုမဏ္ဍပ် (၁)ခုဆောက်လုပ်သွားမည်ဖြစ်၍ အဆိုပါဗဟိုမဏ္ဍပ်တွင် သင်္ကြန်ရက်များဖြစ်သည့် အကြိုနေ့မှအတက်နေ့အထိ နေ့စဉ် စည်ကားသိုက်မြိုက်စွာ ရေကစားနိုင်ရန်၊ ယိမ်းအကများမှ အလှည့်ကျ ဖျော်ဖြေသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများမှလည်း ဖြည့်စွက်အကြံပြုပေးရန် ပြောကြားခဲ့သည်။
ထို့နောက် သင်္ကြန်ရက်များအတွင်း နေ့စဉ်စတုဒိသာများ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်၍ ရပ်မိရပ်ဖ၊ အသင်းအဖွဲ့များအနေဖြင့် ကုသိုလ်ပါဝင်နိုင်ကြောင်း၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင်လည်း အစဉ်အလာမပြတ် သက်ကြီးပူဇော်ပွဲနှင့် ဇိဝိတဒါန ငါးလွှတ်ပွဲကိုလည်း ရွှေမုဋ္ဌောဘုရားကြီး၏ မြောက်ဘက် ငါးကန်အတွင်း ငါးလွှတ်ပွဲကျင်းပနိုင်ရန်လည်း စီစဉ်ထားကြောင်း၊ အားလုံးတက်ရောက်ပါဝင်ပေးကြဖို့ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးဌေးသန်းက သင်္ကြန်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေး လုံခြုံရေးအစီအမံများ ချမှတ်ဆောင်ရွက်သွားမည့်အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)