စပါးဝယ်ယူရေးပံ့ပိုးငွေ ကျပ်သိန်း (၇၀၀)ဖြင့် ဆောင်ရွက်နေသည့် စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နမ့်စန်() မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သမဝါယမကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးဝယ်ယူရေးပံ့ပိုးချေးငွေ ကျပ်သိန်း(၇၀၀)ဖြင့် မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရေးလုပ်ငန်းအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေနှင့် တာဝန်ရှိသူများက မိုင်းစိတ်ကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စပါးဝယ်ယူကြိတ်ခွဲ ဖြန့်ဖြူးရောင်းခနေမှုအခြေအနေများကို လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို စပါးဝယ်ယူရေးပံ့ပိုးချေးငွေ ကျပ်သိန်း(၇၀၀)ဖြင့် အသင်းသားတောင်သူများ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖြစ်ထွန်းစေရန်၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်စပါးဝယ်ယူရောင်းချရေးလုပ်ငန်းများကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်ဆောင်ရွက်နိုင်ရန် စသည်တို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများအောင်မြင်စေရန် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

သူရအောင်(ပြန်/ဆက်)