ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အောင်ဆန်းဆေးရုံကြီးမှ ဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင် ပြည်သူများအား ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာအုပ်စု၊ အရှေ့ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် အောင်ဆန်းဆေးရုံကြီးမှ ဆရာဝန်ကြီးများ ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကြာအင်းအနောက်ကျေးရွာအုပ်စုနှင့် နီးစပ်သည့်ကျေးရွာများမှ တီဘီရောဂါ ဝေဒနာခံစားနေရသည့် ဒေသနေပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးကုသပေးခြင်းလိုအပ်ပါက ဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခြားသော အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဆေးကုသပေးရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေးအေးနွဲ့